Friday, September 21, 2018

တစ်ခုခုဆိုတာနဲ့ စစ်ဖက်က အာဏာသိမ်းနိုင်သလား ဆိုတဲ့ မေးခွန်းမျိုးတွေက သတင်းဌာနတွေနဲ့ အတော်များများက လွယ်လွယ်ကူကူ ပြောတတ်ကြတယ် ... အလွယ်တကူလည်း ယုံလွယ်ကြ အလွယ်တကူလည်း စိုးရိမ်ကြ အလွယ်တကူလည်း ဝမ်းမြောက် အားရကြ အလွယ်တကူလည်း ရှုံ့ ချတတ် ... အလွယ်တကူလည်း သဘောထားတွေ ပြကြ ငြင်းကြ ခုန်ကြပြန်တယ် ... ပြောရရင် ဒီမေးခွန်းတွေဟာ လူထုထဲ ဇဝေဇဝါ ဖြစ်စေတဲ့ စိတ်ဓာတ်ရေးရာ စစ်ဆင်မှုတစ်ခုဖြစ်နိုင်သလို ... တမင်အခါတော်ပေးတာ ... လှန့်လုံးတွေနဲ့ ဝေဝါးအောင် လုပ်တာပဲလို့ မြင်တယ် ... တပ်ကို ထောက်ခံတယ်လို့ ဆိုကြတဲ့ ဗာလာနံ တသိုက်ကလည်း အာဏာသိမ်းတာဟာ နိုင်ငံရေး ထွက်ပေါက်လိုလိုနဲ့ နိုင်ငံရေးပါတီတစ်ခုကို နိုင်ငံရေးအရ ယှဉ်ပြိုင်နိုင်ဖို့ အရည်အချင်း မရှိတဲ့ သူတို့ရဲ့ အငုံ့စိတ်ကို ဝမ်းသာအားရ ဖော်ပြတတ်ကြတယ် ကျုံးသွင်းခံရတာကိုလည်း သိပ်ပျော်တတ်ကြပုံ ရတယ် ... စစ်ချီတေး သိပ်နားထောင်ချင်ရင် You Tube က ကိုယ့်ဟာကိုယ် ဒေါင်းပြီး နားထောင်ကြဖို့ တိုက်တွန်းလိုတယ် .... ××××××××××××××××××××× သမိုင်းတစ်လျှောက် ဖြတ်သန်းမှုကို ပြန်ကြည့်ရင် မြန်မာစစ်တပ်ဟာ ... အိမ်နီးချင်း ထိုင်းစစ်တပ်လို ဘုရင်ကို ကျောထောက်နောက်ခံပြုပြီး အားတိုင်း အာဏာထသိမ်းတတ်တဲ့ စစ်တပ် အမျိုးအစား မဟုတ်သလို ... အသိုင်းအဝိုင်းတစ်ခု လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် အကျိုးစီးပွား တစ်ခုခု အတွက် အာဏာ ထသိမ်းတဲ့ စစ်တပ်အမျိုးအစားလည်း မဟုတ်ဘူး ဆိုတာပဲ ... ထဲထဲဝင်ဝင် ပါဝင်လာရင်လည်း လွယ်လင့်တကူ ဆုတ်ခွာတတ်တဲ့ စစ်တပ် အမျိုးအစား မဟုတ်ဘူး ဆိုတာပဲ .... ×××××××××××××××××××× မြန်မာပြည်က စစ်ဖက်အာဏာသိမ်းမှုဟာ အတော်ကြီး ထိန်းမနိုင် သိမ်းမရ အခြေအနေတစ်ခုခု ဖြစ်မှသာ ပေါ်ပေါက်တတ်တယ် ... မြန်မာစစ်တပ်ရဲ့ အိုင်ဒီယိုလော်ဂျီပိုင်းအရကိုက ဒီအတိုင်း ခံယူထားတတ်တယ် ... သူ့ အိုင်ဒီယိုလော်ဂျီပိုင်းကိုလည်း တစုံတစ်ယောက်အပေါ် အသင်းအပင်းတစ်ခုခုအပေါ် မှီခိုထားတာ မဟုတ်သလို သူခံယူထားတဲ့ ရပ်တည်မူ့အပေါ်လည်း ခိုင်ခိုင်မာမာ ရပ်တတ်တယ် ... ××××××××××××××××××××× နောက်ပြီး မြန်မာစစ်တပ်ဟာ ပြည်ပဖိအားကို ပြည်တွင်းဖိအားလောက် သိပ်ဂရုစိုက်လေ့ မရှိဘူး ... လက်ရှိ မြန်မာ့နိုင်ငံရေးမှာ တပ်အပေါ် ကျရောက်နေတဲ့ ပြည်တွင်းဖိအားဟာ အရင်ကလို မဟုတ်ပဲ နည်းတယ် ... တပ်ကို နိုင်ငံရေးအရ အရင်က ယှဉ်ပြိုင် ဖိအားပေးနိုင်တဲ့ အသင်းအပင်းတွေ အားနည်းသွားတာ ... တပ်အပေါ် လူထု ထောက်ခံမှု အတိုင်းအတာတစ်ခုအထိ ကျယ်ပြန့်လာတာတွေက တပ်အတွက် လက်ရှိ နိုင်ငံရေး အခင်းအကျင်းမှာ အတော် သက်တောင့် သက်သာရှိနေတယ် .... လက်ရှိဖွဲ့စည်းပုံအရ တပ်ဟာ သူပါဝင်ခွင့်ရနေတဲ့ အချိုးအစားအပေါ် လုံလောက်တယ်လို့လည်း ယုံကြည်ထားပြီး ဖြစ်ဟန်တူပါတယ် .... ×××××××××××××××××××× တချို့ကတော့ လာမယ့် ရွေးကောက်ပွဲတွေမှာ တပ်နဲ့ နိုင်ငံရေးအရ အဓိက အတွန်းအတိုက်ရှိနေတဲ့ လက်ရှိ အာဏာရပါတီ အနိုင်ဆက်ရသွားနိုင်ခြေရှိရင်ရောလို့ မေးစရာ ရှိနိုင်တယ် ... ရာခိုင်နှုန်း အများစု နေရာရထားတဲ့ လက်ရှိအနေအထားမှာတောင် တပ်အပေါ် နိုင်ငံရေး အသာစီးမရနိုင်တော့တဲ့ အခြေအနေမှာ နောက် ရွေးကောက်ပွဲတဆက်မှာ လက်ရှိအာဏာရပါတီက ထပ်နိုင်ရင်တောင် မှုစရာအခြေအနေ မရှိတော့ဘူး .... ၂၀၁၅ အကူးအပြောင်းလို လက်ရှိအာဏာရပါတီကြီးလည်း နေရာအများစု ရနိုင်စရာလည်း မရှိတော့ဘူး ... ဒီတော့ စစ်တပ်က ဘာလို့ သူ့အပေါ်ဖိအားတွေ အတင်ခံပြီး လူထုထောက်ခံမှု အကျခံပြီး အာဏာသိမ်းနေစရာလိုမှာလဲ .... နောက်ပြီး စစ်တပ်ဟာ ရခိုင်အရေးမှာ သူ့ရပ်တည်ချက်ကြောင့် ပြည်ပ ဖိအားတွေ များလာပေမယ့် ပြည်တွင်း ထောက်ခံမှု မြင့်တက်လာတဲ့ အခြေအနေကို ရနေတယ် ... ပြည်ပက ဖိအားများလေ ပြည်တွင်းက ထောက်ခံမှုကို ရလာလေလေပဲ ... ××××××××××××××××××× လက်ရှိ အခြေအနေမှာ အာဏာသိမ်းစေချင်နေတာက လူထုထောက်ခံမှု လျော့ကျလာတဲ့ ရေရှည် မြန်မာ့နိုင်ငံရေးမှာ ဘေးထွက်ထိုင်ရဖို့ အခြေအနေများလာနေတဲ့ သူတွေကသာ ဒီလိုအခြေအနေကို တောင့်တနေကြတာ ... အဲ့ဒီအထဲမှာ အရင်က အနာဖေး ခွာစားပြချင်သူတွေ.. ဇာတ်နာစေချင်သူတွေ ပါသလို ... စစ်တပ်ကို သူတို့နဲ့တသားထဲ ဆိုပြီး ပါတနာ လုပ်ချင်နေတဲ့ နိုင်ငံရေး ဇတ်ပျက်တွေလည်း ပါတယ် ... ဒါ့ကြောင့် အခါတော်ပေးသံ တညံညံကို အားလုံးက ပျော်ပျော်ကြီး လေဖမ်းဒန်းစီးနေကြတာ ဒီအခြေအနေမှာ တဖက်က တပ်ကို လှုပ်ခတ်စေဖို့ ဖွဲ့စည်းပုံပြင်ရေးဆိုတဲ့ ခဲလုံးနဲ့ ကန်ရေပြင်ကို ပစ်ကြဖို့ နောက်ဆုံး အားထုတ်နိုင်လိမ့်မယ် ... တဖက်ကလည်း ဆန့်ကျင်သလိုလိုနဲ့ ပင့်ပေးပေါ့ ... ခဲ အကြီး အသေးအပေါ် မူတည်ပြီး ဂရက် အကြီး အသေး ကွာခြားမှာပါ ... 'ပလုံ'ဆိုတဲ့ အသံလောက်ပဲ မြည်မယ့် ခဲလောက်နဲ့တော့ ကာလနဂါး မနိုးတတ်ဘူးလို့ မြင်တယ် .... ××××××××××××××××××××× ချွင်းချက်အနေနဲ့ လက်ရှိအနေအထားအပေါ် မကျေလည်မှုတွေ ကျယ်ပြန့်လာရင်ရောလို့ မေးစရာရှိတယ် ... လူတစ်ယောက်ရဲ့ အမျိုးသားထုတ်ကုန်တန်ဖိုး ဒေါ်လာတစ်ထောင်အောက်မှာ ရပ်တည်နေရတဲ့တိုင်းပြည်တွေဟာ နောက်ကြောင်းပြန်လှည့်နိင်တယ်လို့ ပညာရှင်တွေက ဆိုထားကြတာလည်း ရှိတယ် ... ကျနော့် အမြင်တော့ အတော့်ကို ရာခိုင်နှုန်း နည်းတယ် ... အခြေအနေတွေက နောက်ပြန်လှည့်စေမယ် ဆိုရင်တောင် တာဝန်ပေးလို့ ခဏယူရတာပါ ဆိုတဲ့ တစ်လှမ်း နှစ်လှမ်းထက် ပိုမယ် မထင်ဘူး ... လက်ရှိအခြေအနေကတော့ တမင် နှပ်ကြောင်းပေး ဖွနေတာ သက်သက်ပဲ ... Credit- Chan Thar Toe