Friday, January 16, 2015

Zaw Rayin MSAU-2(Monywa)
                                                  သမ္မတရုံးကတော့ ဒီလိုတွေ ထုတ်ပြန်လိုက်ပြီဗျာ 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင့် ဆင့်သော တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ကိစ္စရပ်များ သာမက ထပ်မံဖြည့်စွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ဆက်လက် အကောင်အထည်ဖော်  ကြရမည်ဖြစ်ကြောင်း၊ ပင်မလုပ်ငန်း တာဝန်များရှိသော်လည်း လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းသည် နိုင်ငံအဆင့် စီမံကိန်းဖြစ်သည်နှင့်အညီ တာဝန်ရှိသူများအားလုံးက တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူ လူထု ရသင့်ရရှိရမည့် အခွင့်အရေးများအား ပွင့်လင်းမြင်သာစွာ ဖြည့်ဆည်းဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်းဖြင့် ယနေ့ညနေ ၃ နာရီတွင် မုံရွာမြို့ ဝင်းယူနတီဟိုတယ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် မန်နေဂျင်း ဒါရိုက်တာ ဗိုလ်ချုပ်ဇာနည်ဝင်း၊ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီလီမိတက်နှင့် သက်ဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့
လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရန်၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟခြင်း မရှိစေရန် ဝိုင်းဝန်းပူးပေါင်း စည်းရုံး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူတို့ အကြောင်းအမျိုးမျိုးဖြင့် တင်ပြလာသည့် သဘောထား ဆန္ဒများကို ဝတ်ကျေတန်းကျေမဟုတ်ဘဲ တာဝန်ရှိသူများက ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြည့်ဆည်းဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို ပွင့်လင်းမြင်သာစွာ လက်တွေ့ကျကျ ပြသ၊ ပြောဆို စည်းရုံးသွား ရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏ လက်တွေ့ဘဝများအကြား လက်တွေ့ကွင်းဆင်းပြီး ပြည်သူ တို့၏ သဘောထားဆန္ဒများ၊ လိုအပ်ချက်များကို စိတ်ကောင်းစေတနာကောင်းများဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ စီမံကိန်း ဒေသအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ဆောင်ရွက်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုး
တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဒေသခံများ သိရှိအောင် ရှင်းလင်းပြသရန် လိုအပ်ကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အဖွဲ့ လေးဖွဲ့အနေဖြင့် စီမံကိန်း ပတ်ဝန်းကျင်ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးတက်အောင် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ကော်မတီဒုတိယ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း ဆောင်ရွက်ထားရှိသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်းအောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် သက်ဆိုင်ရာအဖွဲ့ ခေါင်းဆောင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်း တင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ပေးသည်။
ထို့နောက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မန်နေဂျင်း ဒါရိုက်တာ ဗိုလ်ချုပ်ဇာနည်ဝင်းက စီမံကိန်းဒေသ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် လက်တွေ့လုပ်ငန်းခွင်များ၌ အခက်အခဲများ ကြုံတွေ့ရနိုင်သော်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ပြည်တွင်း ပြည်ပ ပညာရှင် အဖွဲ့အစည်း အသီးသီး တို့သည် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စနစ်တကျ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ယခင်အတွေ့အကြုံများအား သင်ခန်းစာရယူ၍ တိုင်းပြည် အကျိုး၊ ဒေသအကျိုး၊ ပြည်သူတို့၏ အကျိုးကိုရှေးရှု၍ စိတ်ရှည်သည်းခံပြီး နားလည်မှု ရရှိလာစေရန် စည်းရုံးဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

No comments:

Post a Comment

များများရေးပေးပါ ဝေဖန်ပေးကြပါ။ မိတ်ဆွေတို့၏ ဝေဖန်စကားလုံးသည် ကျွန့်တော့်အတွက် နည်းလမ်းကောင်းများဖြစ်ပါသည်။